ဆင်ပေါင်ဝဲမြို့နယ် စာရပေ(န) ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး
Date : 16 July 2025
ဆင်ပေါင်ဝဲမြို့နယ် စာရပေ(န) ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး
============================================================================
ဆင်ပေါင်ဝဲ ဇူလိုင် ၁၆
==================
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စာရပေကျေးရွာအုပ်စု၊ စာရပေ(န)ကျေးရွာတွင် ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုတာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ နှင့်တာဝန်ရှိသူများသည် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ကွန်ကရစ်လမ်း ရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည် ၄၀၀ပေ အကျယ် ၁၂ပေ ထု ၆လက်မရှိပြီး ၂၀၂၅ -၂၀၂၆ ခု ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၅၀၊ စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၂၀၀ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီရယူကာ ကျေးရွာပြည်သူများကိုယ်တိုင် ဇွန်လ ဒုတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ကျေးရွာရှိ အိမ်ခြေ ၁၃၅ မှလူဦးရေ ၄၄၉ ဦးတို့၏ လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေးအကျိုးပြုလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကပြောပြ၍သိရသည်။


