ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မကွေးမြို့နယ် အောင်မြေကုန်း ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး
Date : 13 July 2025
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မကွေးမြို့နယ် အောင်မြေကုန်း ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး
===========================================================================================================
မကွေး ဇူလိုင် ၁၃
==============
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာအုပ်စု၊ အောင်မြေကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဇူလိုင်လ ၁၂ရက် မွန်းလွဲ ၅နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး နှင့်တာဝန်ရှိသူများသည် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ကွန်ကရစ်လမ်း ရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည် ၆၀၀ပေ အကျယ် ၁၂ပေ ထု ၆လက်မရှိပြီး ၂၀၂၅ -၂၀၂၆ ခု ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၁၅၀၊ စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၃၀၀ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီရယူကာ ကျေးရွာပြည်သူများကိုယ်တိုင် ဇွန်လ ဒုတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ကျေးရွာရှိ အိမ်ခြေ ၁၇၉ မှလူဦးရေ ၆၇၆ ဦးတို့၏ လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေးအကျိုးပြုလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး ကပြောပြ၍သိရသည်။

