ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မကွေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁၄၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

Date : 24 February 2025

မကွေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁၄၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာနှစ်၌ မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာ ၁၄၅ ရွာ၌ ကျေးရွာတစ်ရွာလျင်နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၅)သန်းစီဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၇)မြို့နယ်ရှိ ကျေးရွာ ၁၄၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ်(၂၁၇၅)သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ်(၁၀၁၇ ဒသမ ၀၆၆)သန်းဖြင့် ကျေးရွာတွင်းလမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်း(၁၂၃)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း(၅၁)ခု၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း(၅)ခု၊ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း(၅)ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၈၅)ခုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့်ကျေးရွာပြည်သူများကိုယ်တိုင်၂၀၂၄ခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ အိမ်ခြေ (၂၇၄၀၇)မှ လူဦးရေ (၁၁၇၅၇၀)ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး ကပြောပြသည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ခြင်းအားဖြင့် ကျေးရွာ၏ သတင်းအချက်အလက်များစုစည်းခြင်းနှင့် အချက်အလက်များအပေါ်မူတည်၍ ကျေးရွာ၏ အခြေအနေမှန်ကို သိရှိနိုင်စေခြင်း၊ ကျေးရွာလူထုနှင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ ဖြစ်ပေါ်လာသည့်အခက်အခဲများကို အတူတကွလက်တွဲပူးပေါင်း အဖြေရှာတတ်လာခြင်းနှင့် အဖွဲ့အစည်းစနစ်ဖြင့်ဆောင်ရွက်တတ်လာခြင်း၊ ကျေးလက်နေပြည်သူလူထုမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်မှုအားကောင်းလာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိလာကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး က ဆက်လက်ပြောပြသည်။

အခြားသတင်းများ