ဆင်ပေါင်ဝဲမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်
Date : 19 May 2026
ဆင်ပေါင်ဝဲမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်
=============================================================================================
ဆင်ပေါင်ဝဲ၊မေလ၁၉
===================
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆ -၂၀၂၇ခုဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ညံတောအင်းကျေးရွာအုပ်စု၊ သမန်းကြီးကျေးရွာအား စီမံကိန်းရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် တို့က အမှာစကားများအသီးသီးပြောကြားသည်။
ဆက်လက်၍ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ကကျေးရွာလူထုကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဥ်များရေးဆွဲရန်ရည်ရွယ်၍ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်း နှင့် တာဝန်ရှိသူများက ၂၀၂၆ -၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် VDPစီမံကိန်းဆောင်ရွက်မည့် သမန်းကြီးကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၅၀ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



