မူဆယ်မြို့နယ်အတွင်း ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Date : 26 January 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ ၄ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်သည့် ကျေးရွာ ၄ ရွာအနက် နမ့်စန့်ကျေးရွာနှင့် မန့်ဟောင်းကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီလ ၂၅ ရက်နေ့က မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်နှင့် ဝန်ထမ်းအဖွဲ့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကျေးရွာများဖြစ်သည့် နမ့်စန့်ကျေးရွာ၊ ခိုတိန်ကျေးရွာ၊ မန့်ဟောင်းကျေးရွာနှင့် ဟွယ်လုံကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီး စီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်ထံမှ သိရသည်။



