တာချီလိတ်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ကျေးရွာရွေးချယ်
Date : 13 May 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျေးရွာရွေးချယ်ပွဲကို မေ ၁၀ ရက် နံနက် ၉ နာရီက အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ တာချီလိတ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးတင်ဦးကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာချီလိတ်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ကျေးရွာ ၁၅ ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း စီမံကိန်းကျေးရွာများ ရွေးချယ် ပေးရာတွင် အမှန်တကယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ကျေးရွာများကို ဦးစားပေး ရွေးချယ်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထိုနောက် ကျေးရွာရွေးချယ်ပွဲတက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီသည့် ကျေးရွာ ၁၅ ရွာကို အတည်ပြု ရွေးချယ်ပေး ကြကြောင်းသိရသည်။
မောင်အိုးစည်