မတ္တရာမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း၊ ကျေးလက်ရေပေးရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာရွေးချယ်ပွဲကျင်းပ
Date : 11 December 2020
မတ္တရာ ဒီဇင်ဘာ ၁၁ (မန္တလေးနေ့စဉ်)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းအား ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်ထိ ကုန်ထုတ်လမ်း (၂) လမ်း၊ ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရန် ကျေးလက်ရေပေးရေးလုပ်ငန်းအား ၂၀၁၃-၂၀၁၄ခုဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၄၉) ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အား ၂၀၁၇-၂၀၁၈ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း (၅၃) ရွာ အသီးသီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း၊ ကျေးလက်ရေပေးရေးလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အား အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာရွေးချယ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၁) ရက်နေ့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးမင်းမင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း (၅) လမ်း၊ ကျေးလက်ရေပေးရေးလုပ်ငန်းအတွက် ကျေးရွာ (၁၀) ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ (၅) ရွာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်သည်။
စိုးကျော်သူ(မတ္တရာ)