ပြင်ဦးလွင်မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
Date : 09 December 2021
ပြင်ဦးလွင် ဒီဇင်ဘာ ၉ (MRTV ရုပ်/သံ)
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် (၈.၁၂.၂၀၂၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ခု၊ (၆)လ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် ဝက်ဝံကျေးရွာအုပ်စု၊ ဘိုးနေဒွန်းကျေးရွာတွင် ဆောင်ရွက်နေသော သောက်သုံးရေရရှိရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများကို အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးရေးနှင့် ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် စေတနာထားဆောင်ရွက်ကြရေးတို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာဒေသခံများနှင့် တွေ့ဆုံ၍ ကျေးရွာ၏ စိုက်ပျိုးရေးထုတ်ကုန်များအား ဈေးကွက်သို့ ကုန်ကြမ်းအတိုင်း ပို့ဆောင်ရောင်းချနေခြင်းအစား ကုန်ချောအဆင့်သို့ တန်ဖိုးမြှင့်ထုတ်ကုန်ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန်၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် အထောက်အကူပြုပစ္စည်းများ လိုအပ်ပါက ဝန်ကြီးဌာနမှ ကူညီပေးသွားမည်ဖြစ်၍ အမှန်တကယ်အလုပ်ကြိုးစားပြီး စိတ်ပါဝင်စားသူများ စုစည်းကာ ကျေးရွာမှတင်ပြသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို စီစဉ်ဖြည့်ဆည်းပေးခဲ့ပါသည်။
ထို့နောက် ထုံးဘိုကျေးရွာအုပ်စု၊ ရေသရောက်ကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်လျှက်ရှိသည့် ကျေးရွာတွင်းလမ်း အတိုင်းအတာ (၉၆၀' x ၁၂' x ၉'')၊ စီမံကိန်းထောက်ပံ့ငွေ ကျပ် (၁၀၀) သိန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် (၃၀) သိန်း၊ စုစုပေါင်း ကျပ် (၁၃၀) သိန်းဖြင့် ဆောင်ရွက်သော ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခြင်းနှင့် ကျေးရွာဒေသခံများနှင့် တွေ့ဆုံဆွေးနွေးကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကို စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မင်းမြင့်မိုရ်

