၂၀၂၀-၂၀၂၁ခု၊ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့်VDPစီမံကိန်းကျေးရွာများဖြစ်သောတလုပ်ထော်ကျေးရွာနှင့်ကြာဘိတ်ကျေးရွာတို့တွင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဝင်ရွေးချယ်ခြင်းသတင်း
Date : 23 December 2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကော်မတီဝင်ရွေးချယ်ခြင်းအခမ်းအနားကိုဒီဇင်ဘာ၊၂၂ရက်တွင်လက်ပံကုန်းအုပ်စု၊တလုပ်ထော်ကျေးရွာနှင့်တံခွန်တိုင်အညာစုအုပ်စု၊ကြာဘိတ်ကျေးရွာတို့၌ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကကျေးရွာများအတွင်း၌ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များနှင့်လုပ်ငန်းများဆောင်ရွက်ရာတွင်ကျေးရွာလူထုအားလုံးတက်တက်ကြွကြွဖြင့်ပူးပေါင်းဆောင်ရွက်သွားရန်၊မိမိတို့ရပ်ရွာဖွံ့ဖြိုးရေးအတွက်မိမိတို့ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်မှသာရပ်ရွာများဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းပြောကြားပြီးအိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးကVDPစီမံကိန်း၏ရည်ရွယ်ချက်နှင့်စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားသည်။
ထို့နောက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဦးဆောင်ဆောင်ရွက်မည့်ကော်မတီများအားကျေးရွာလူထုအားလုံးမဲဆန္ဒကောက်ယူကာဖွဲ့စည်းကြသည်။
အဆိုပါVDPစီမံကိန်းကိုကျေးရွာတစ်ရွာလျှင်ငွေကျပ်သိန်း၁၀၀ဖြင့်ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၌ငွေကျပ်သန်း၂၇၀ဖြင့်ကျေးရွာပေါင်း၂၇ရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထွန်း၊တိုင်းဒေသကြီး-၂လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မြိုင်နှင့်အိမ်မဲမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများတက်ရောက်ကြကြောင်းသိရသည်။